ပြည်မြို့တွင် “တိုင်းဒေသကြီးအဆင့် အခြေခံပညာ Grade-9 သင်ရိုးသစ်ဆင့်ပွား သင်တန်း”များ ဖွင့်လှစ်ပို့ချ

ပြည် မေ ၁၈

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မှ အခြေခံပညာအလယ်တန်းအဆင့် သင်ကြားရေး ဆရာ၊ ဆရာမများအား ယမန်နေ့ကစတင်၍ ပြည်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း ခြောက်ကျောင်း၌ “တိုင်းဒေသကြီးအဆင့် အခြေခံပညာ Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်း”များ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၁၄ ခုမှ အစိုးရအခြေခံပညာကျောင်းများ၊ ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းပြဆရာ၊ ဆရာမပေါင်း ၃၈၇၈ ဦး တက်ရောက်လျက်ရှိပြီး ၎င်းတို့အား သင်တန်းနည်းပြဆရာ၊ဆရာမ ၁၈၇ ဦးဖြင့် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယအစရှိသည့် အခြေခံပညာ Grade-9 တွင် ပါဝင်သော ဘာသာရပ်ဆိုင်ရာသင်ရိုးသစ်များကို ပြည်မြို့ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၅)နှင့် အ.ထ.က(အောင်ဆန်း)ကျောင်းတို့၌ ဘာသာရပ်အလိုက် နေရာခွဲ၍ ယခုလ ၁၇ ရက်မှ ၂၄ ရက်ထိ သင်တန်းကာလ ရှစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပြည်မြို့ တိုင်းခွဲပညာရေးမှူးရုံးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)