ကောလင်းခရိုင် ဝန်းသိုမြို့နယ် မန်ကျည်းကုန်းကျေးရွာတွင် သဘာဝပိုးသတ်​ဆေးနှင့် ဓါတ်မြေဩဇာပြုလုပ်သုံးစွဲပုံ နည်းပညာပေးဆောင်ရွက်

ဝန်းသို အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း မဲခေါင်လန်ချန်း စီမံချက် ဖြင့် ဆောင်ရွက်သည့် တိုင်းဒေသကြီးကိုယ်စားပြု (Home Garden) စံပြရွာ၊  မန်ကျည်း ကုန်းကျေးရွာတွင် တောင်သူဦးကြီးများ ဓါတုပိုးသတ်​ဆေးများကို လျော့ချသုံးစွဲနိုင် စေရန်နှင့် ဓါတ်မြေဩဇာ လျော့ချသုံးစွဲနိုင်စေရန် ရည် ရွယ်၍ သဘာဝပိုးသတ်​ဆေးနှင့် စူပါဘိုကာရှီမြေဆွးပြုလုပ် သုံးစွဲနည်းတို့ကို ယမန်နေ့က မြို့နယ်စိုက်ပျိုး​ရေး ဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရာတွင် အီးအမ်အပြင်း (၁)ဆ၊ တင်လဲရည် (၁)ဆ၊ ရှာလကာရည်(၁)ဆ၊ အရက်ဦး​ရည်(၁)ဆ၊​ ရေ(၆)ဆဖြင့်ပြုလုပ်သော အီးအမ်(၅)သဘာဝပိုးသတ်​ဆေး(သို့)ပိုး​ပြေး​ဆေးကို လည်းကောင်း၊ နွားချေး ၄တင်း၊ ဖွဲခွံ (စပါးခွံ) ၂တင်း၊ ဖွဲပြာ ၂တင်း၊ ဖွဲနု ၂တင်း၊ တင်လဲရည် ၁၅၀စီစီ၊ အီးအမ်အပြင်း ၁၅၀စီစီ၊ ရေ ၄ဂါလံနှင့် ပဲဖတ်မုန့် ၂ပိဿစသည်တို့ဖြင့်ပေါင်းစပ်၍ စူပါဘိုကာရှီ မြေဆွေး ပြုလုပ်သုံးစွဲနည်းတို့ကို လည်းကောင်း စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများကပြသခဲ့ရာ ​ တက်ရောက်လာသော​တောင်သူများက  စိတ်ပါဝင်စားစွာ လက်​တွေ့ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြသည်။

ဝန်းသိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧကစိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERPအစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် ကွက် ၂၅၀ ဧက စိုက်ပျိုးထား ထားရှိသည့်အနက် မန်ကျည်းကုန်းကျေးရွာအုပ်စုအတွင်း မျိုးစေ့ထုတ်ကွက် ၁၆ဧကခန့် စိုက်ပျိုးထား ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)