ပုသိမ် မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဇုန်အဆင့် အခြေခံပညာအလယ်တန်း (Grade-9 သင်ရိုးသစ်) ဆင့်ပွား သင်တန်းဖွင့်ပွဲအား ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင် ခန်းမ၌ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ များတက်ရောက်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဇုန်အဆင့်အခြေခံပညာအလယ်တန်း (Grade-9 သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အခြေခံပညာအလယ်တန်း (Grade-9 သင်ရိုးသစ်) ဆင့်ပွားသင်တန်းအား ပုသိမ်၊ ဟင်္သာတ၊ မအူပင်မြို့များ၌ ဇုန်(၃) ဇုန်ခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရင်များတွင် ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြင့် ဆရာကြီး၊ ဆရာမကြီးများ၏ အရည်အသွေးများလည်း ပိုမိုမြင့်မား လာမည်ဖြစ်ပါ ကြောင်း၊ ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက် ရောက်ရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးသည် တပည့်များ၏ စံနမူနာပြများဖြစ်ပါကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါ ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ဆင့်ပွားသင်တန်းမှ ပို့ချပေး လိုက်သည့် သင်ခန်းစာများအား သေချာမှတ်သား၍ ပြန်လည်ပို့ချပေးကြစေလိုကြောင်းနှင့် (Grade-9)သည် အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက် ကြောင်း လက်မှတ်ထုတ်ယူမည့် နောက်ဆုံးအတန်းဖြစ်သဖြင့် ပညာရေးစနစ်သစ် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက် ပေးရန်” အမှာစကားပြောကြားသည်။
ဆက်လက်၍ ပုသိမ်ခရိုင် ပညာရေးမှူးက ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြား ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ဆရာကြီး၊ ဆရာမကြီးအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပုသိမ်ခရိုင် ပညာရေးမှူးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ ဇုန်အဆင့်အခြေခံပညာအလယ်တန်း (Grade-9 သင်ရိုးသစ်) ဆင့်ပွားသင်တန်း တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများ၏ လုပ်ငန်းလိုအပ်မှု တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဇုန်အဆင့်အခြေခံပညာ အလယ်တန်း (Grade-9 သင်ရိုးသစ်) ဆင့်ပွားသင်တန်းအား ပုသိမ်ဇုန်တွင် သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမ (၆၃၀၀)ဦး၊ ဟင်္သာတဇုန်တွင် (၃၅၂၀)ဦး၊ မအူပင်ဇုန်တွင် (၄၁၉၄) ဦး စုစုပေါင်း (၁၄၀၁၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ် ကျေးရွာ အခြေခံပညာမူ တန်းကျောင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် မျက်နှာကျက်ပျက်စီးမှု များနှင့် တကုန်းကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း သစ်ပင်လဲကျ၍ သွပ်အမိုးလန် ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ကွင်းယားကြီးကျေးရွာ ရွှေကျွန်းသာယာခန်းမ၌ ပြုလုပ်သည့် မိုးစပါးတစ်ဧက (၁၀) တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် တောင်သူများအား အထွက်ကောင်းမျိုးသန့် စပါးများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က “မိမိတို့ဒေသကြီးသည် လယ်ယာစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်ပြီး ဒေသအတွင်း ဖူလုံမှုရှိ သော်လည်း ပန်းတိုင် အထွက်နှုန်း ရောက်ရှိရန် လိုအပ်နေပါသေးကြောင်း၊ သို့ဖြစ်ရာ တစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူ များအား တွန်းအားပေးဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် လာမည့်မိုးစပါးစိုက်ရာသီတွင် အထွက်နှုန်းတိုးစေရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ပြီး ရလဒ်များအပေါ် စီမံချက်များရေး ဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ရာ သီတွင် ရေတော်မိုးတော် စိုက်ဧက (၁)သိန်းအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပါ ကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီး တိုးတက်စိုက်ပျိုးနိုင်စေရေး ကြိုးစား ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တစ်ဧကအထွတ်တိုးစေရေး စီမံချက်များအား အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေးစံပြတိုင်းဒေသကြီး ဖြစ်စေရေး ဝိုင်းဝန်း ကြိုးစားပေးကြရန်လိုပါကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။ ယင်းနောက် ဒေသခံတောင်သူများက မိုးစပါးစိုက်ပျိုးရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအား ဆင်းသုခမျိုး စပါးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် အတူ တကုန်းကြီး ကျေးရွာ၊ စိုက်ပျိုးရေးနည်းပညာ စင်တာဝန်းအတွင်း၌ နွားချေး၊ ကောက်ရိုး၊ ဖွဲနု၊ ငါးအမိုင်နို၊ အီးအမ်ဘိုကာရှီနှင့် သဘာဝမြေသြဇာ ပြုလုပ်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သိလိုသည် များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး သဘာဝမြေသြဇာများ ပိုမို ထုတ်လုပ်နိုင်ရေး၊ တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုစေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)