စလင်းမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ခြင်ပေါက်ပွားမှုမရှိစေရန်အတွက် ကွင်းဆင်းဆောင်ရွက်

စလင်း မေ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် မေလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်က မိုခါမုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၅၅) စုတို့တွင် စလင်းချောင်းရေဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံ ဖြစ်ပွားသည့် နေရာများအား မကွေးတိုင်းကျန်းမာရေးအဖွဲ့နှင့် စလင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးလက်ကျန်းမာရေး ဆရာမများက သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရေးဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း ၊ဖုံး ၊ သွန်၊ စစ်၊ လဲခြင်းဖြန်းခြင်းလုပ်ငန်းများကို ယမန်‌နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ပေါက်ပွားမှုများစေပြီး ယခုရေကြီးရေလျှံဖြစ်ပွားခဲ့မှုကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါများ ဖြစ်ပွားနိုင်၍ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်ရေးအတွက် စလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများဖြစ်သည့်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်မှ ပြန်လွှင့်ရပ်ကွက်နှင့် မြို့ပေါ်ရေတွင်းရေကန်များ၊ နွယ်တမယ်၊ သမြင်ကင်း၊ လင်းဇင်း၊ မြောက်ရှားတော၊ အနောက်ရှားတော၊ ကျေးရွာအုပ်စုများသို့ မကွေးတိုင်းကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ရဲပိုင်နှင့်အဖွဲ့၊ စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမင်းမင်းထွန့်နှင့် ကျန်းမာရေးဆရာ၊ ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့တို့မှ သောက်သုံးရေတွင်းရေကန်များ၊ လူအများအသုံးပြုသည့် ရေတွင်းရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ သုံးရေများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ခြင်ပေါက်ပွားမှုမရှိ‌စေရေး မိုးရေ၊ ချောင်းရေတင်ကျန်နိုင်သည့် ဖော့၊ ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်များ တာယာအဟောင်းများအတွင်း ရေတာရှည်စွာမတင်နိုင်စေရေးအတွက် ပူးပေါင်းကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)