ဟားခါး မေ ၁၈
အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ လေဘေးသင့် ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟားခါးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လေဘေးသင့်ပြည်သူများနှင့် လေဘေးရှောင်ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က အမှာစကားပြောကြားရာ တွင် မေလ ၁၄ ရက်နေ့တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ဝင်ရောက်မှုကြောင့် ရခိုင် ပြည်နယ်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့ကြောင်း၊ ချင်းပြည်နယ်တွင် ဝင်ရောက်စဉ်တွင် အားလျော့သွားခဲ့ သည့်အတွက် ပျက်စီးမှုလျော့နည်းခဲ့ပါကြောင်း၊ ချင်းပြည်နယ်တွင် ထိခိုက်ပျက်စီးမှုအများဆုံးမှာ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ဖြစ်ပြီး ဒုတိယမှာ မတူပီမြို့ဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင် ထိခိုက်ပျက်စီးမှု နည်းပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၆−၅−၂၀၂၃ ရက်စွဲပါ ကြေညာချက်အမှတ် (၂/၂၀၂၃) ဖြင့် ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နှင့် ဟားခါးမြို့နယ်တို့ကို သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့ပါကြောင်း၊ သို့ဖြစ်၍ ချင်းပြည်နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်မြန်ဆုံး ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်ပွားလာပါက ရှောင်လွှဲမရသည့်အတွက် ထိခိုက်ပျက်စီးမှုအနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်ရမည်ဖြစ်သလို ဖြစ်ပွားလာပါကလည်း အစိုးရ၊ တပ်မတော်၊ ဘာသာရေးဆိုင်ရာအဖွဲ့ အစည်း များ၊ လူမှုရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေ အနေ၊ သဘာဝဘေးဖြစ်ပွားမှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အခြေအနေနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်မှုအခြေ အနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် လေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥစသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က ပေးအပ်ရာ လေဘေးသင့်အိမ်ထောင်စုဝင်များ ကိုယ်စား ဦးခြာဟဲက လည်းကောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ပေးအပ်ရာ လေဘေးသင့်အိမ်ထောင်စုဝင်များ ကိုယ်စား ဒေါ်ဇာဆွီးကလည်း ကောင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကပေးအပ်ရာ ဒေါ်ရွှေလှောန်းက လည်းကောင်း အသီးသီးလက်ခံကြပြီး လေဘေးသင့် အိမ်ထောင်စုများကိုယ်စား စေတနာ့လုပ်အားရှင် ဦးမန်ဟရဲက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု (၂၇၀) အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန် (၂၇၀) အိတ်၊ ဆီ (၂၇၀) ပိဿာ ၊ ပဲ (၂၇၀) ပိဿာ၊ ဆား (၁၃၅၀) ပိဿာ၊ ကြက်ဥ (၂၇၀၀) လုံး၊ ခေါက်ဆွဲ (၂၇၀) ဖာ၊ မြို့နယ်တစ်မြို့နယ်လျှင် သွပ် အချပ် (၁၀၀) ချပ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပစ္စည်း(၁၇) မျိုးပါပုံး (၅၀) ပုံးတို့အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)