ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာတွင် တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲပြုလုပ်

ငွေဆောင် မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိူင်၊ ငွေဆောင်မြို့၊ ကြက်တူရွေးကျေးရွာရှိ ဇေယျာသီရိကျောင်းတိုက်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရာသီမရောက်မီ တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀း၀၀)နာရီ အချိန်ကပြုလုပ်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ငွေဆောင်မြို့စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးလှိုင်မျိုးသန့်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၇၅) ဦး တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ငွေဆောင်မြို့စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဦးလှိုင်မျိုးသန့်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကြောင်း ထပ်မံရှင်းလင်းဆွေးနွေးခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင် ဆောင်ရွက်သော တောင်သူများတစ်ဧက စပါး (၁၀) တင်း တိုးတက်ထွက်ရှိရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် တောင်သူများအား တွေ့ဆုံ၍အထွက်တိုးရေးလုပ်ငန်းစဥ်များဖြစ်သည့်မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊မျိုးကောင်းမျိုးသန့်စိူက်ပျိုးထုတ်လုပ်ရေးအတွက် နည်းပညာများဆွေးနွေးခဲ့ပါသည်။ တောင်သူများမှလည်း သိလိုရှိသည့်အချက်များအား ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ပြီး မြို့ဦးစီးမှူး၊ ဦးလှိုင်မျိုးသန့်မှ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

(ငွေဆောင်)