ရွှေတောင် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.ကရွှေတောင်ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာကြီးဦးကျော်ဦးက ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာအေးချမ်းဝင်းက မွေးမြူရေးသင်တန်းဆိုင်ရာကိစ္စရပ်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြမြသွင်က စိုက်ပျိုးရေးဆိုင်ရာအချက်အလက်ကိစ္စရပ်များကို အသီးသီးပြောကြားပြီး အဆိုပါသင်တန်းကျောင်းများမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီးနိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက်မသင်ကြားနိုင်သော ကျောင်းသား /ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိက စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုး- မွေးမြူရေးကျွမ်းကျင်လုပ်သားများ(Skilled Workers) ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာအခွင့်အလမ်းများအား အသိပညာပေးဆွေးနွေးဟောပြောပွဲအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန် / ဆက်)