သာယာဝတီမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း(၅၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိ

သာယာဝတီ      မေ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်တောသစ်ပင် စိမ်းလန်းစိုပြည်ရေးအတွက် ရာပြည့်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၅၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါ ပျိုးဥယျာဉ်တွင်ကျွန်း(၁၆၀၀၀)၊ မန်ဂျန်ရှား(၂၈၀၀၀)၊ မဟော်ဂနီ(၁၀၀၀)၊ ပျဥ်းကတိုး(၁၀၀၀)၊ ပိတောက်(၁၀၀၀)၊ ခရေ(၁၅၀၀)၊ ယမနေ(၃၀၀)၊ စိန်ပန်း(၅၀၀)၊ မယ်ဇလီ(၄၀၀)၊ ကိုက္ကိုလ်(၃၀၀) စုစုပေါင်းပျိုးပင်ပေါင်း(၅၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး ဇွန်လပိုင်းမြေအစိုဓာတ်ရရှိချိန်တွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဝဲကျေးရွာအနီး ကမ်းနီကြိုးဝိုင်း ကွင်းအမှတ်(၁၂၂) စိုက်ခင်းပျိုးဥယျာဥ်တွင် ၂၀၂၃ မိုးရာသီစိုက်ပျိုးရန် စီးပွားရေး ကျွန်းစိုက်ခင်း(၂၀၀)ဧကအတွက် ပျိုးပင်ပေါင်း(၁၀၈၀၀၀)ပင်တို့ကို ပျိုးထောင်ထားရှိပြီး သစ်တောဦးစီးဌာနအနေဖြင့် ဇွန်လအတွင်း စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)