ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါဖွင့်ပွဲ အခမ်းအနားကျင်းပ

ပွင့်ဖြူ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါဖွင့်ပွဲတွင် ဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူရာ၌ သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအလိုက် ချမှတ်ထားသည့် လုပ်ငန်းမူဘောင်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်တို့က ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် တင်ဒါပါစည်းကမ်းချက်များအတိုင်း အသုံးပြုမည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူရေးဆိုင်ရာ အချက်အလက်များကို ချပြရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် တင်ဒါလုပ်ငန်းရှင်များက အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့်စပ်လျဉ်းပြီး တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးကာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တင်ဒါလုပ်ငန်းကော်မတီဝင်များက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း တင်ဒါလုပ်ငန်း Lot (၅)ခုရှိကြောင်းသိရပြီး ယခုပထမအကြိမ် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းဝယ်ယူခြင်း တင်ဒါ Lot (၁)ခုသာ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကာ ကျန်တင်ဒါ Lot (၄)ခုဖွင့်ပွဲကို ဒုတိယအကြိမ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)