သံတောင်ကြီးဒေသတွင် ပေါ်ဦးပေါ်ဖျားရာသီပေါ်သီးနှံဖြစ်သည့်ဒညင်းသီးများ ဈေးကောင်းရရှိ

သံတောင်ကြီး မေ ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာများကို အသက်မွေးဝမ်းကျောင်းဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒညင်းသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခု မေလတတိယပတ်တွင် ပေါ်ဦးပေါ်စဒညင်းသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။

အဆိုပါ ဒညင်းပင်များမှာ နှစ်ရှည်ပင်ဖြစ်ပြီး စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင်အသီးများ စတင်ခူးဆွတ်နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ (၄၀)ခန့် ပင်စည်လုံးပတ် (၅)ပေခန့်အထိရှိသည်။ ဒညင်းပင်များမှာ ဉယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိသည်။ သံတောင်ကြီး ဒေသထွက် ဒညင်းသီးများကို တောင်ငူမြို့ရှိ ဒညင်းသီး အဝယ်ဒိုင်များထံတွင် သွားရောက်ရောင်းချပြီး ပေါ်ဦးပေါ်စတွင် ဒညင်းသီး(၁)ပုံးလျှင် ကျပ်၂၅၀၀၀ မှ ကျပ်၂၈၀၀၀ အထိရရှိခဲ့ကြောင်း ဒညင်းသီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူဦးမောင်စီထံက သိရသည်။

နော်နော်မူ