မြို့သစ် မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ် မဖြစ်ပွားစေရန်အတွက် မြို့တွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များ၊ နုံးများ ဆယ်ယူခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အုတ်ရေမြောင်းအကျယ် ၂ ပေခွဲ၊ အနက် ၃ ပေအုတ်စီရေနုတ်မြောင်းအတွင်း အမှိုက်များ၊ နုံးများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဗိုလ်ဌေးမှ အနီးကပ်ကြီးကြပ်ကာ မြို့တွင်းအုတ်ရေမြောင်းများအပြင် မြို့မစျေး၏ အတွင်း/အပြင် ရေမြောင်းအားလုံးကိုလည်း ရှင်းလင်းခဲ့ပြီး မြို့သစ်မြို့နယ်အတွင်းရှိ ကျန်ရှိသော ရေမြောင်းများကိုလည်း ဆက်လက်တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ရေဆိုးထုတ် အုတ်ရေမြောင်းများအတွင်းမှ အမှိုက်များ ရှင်းလင်းဆောင်ရွက်ပြီးစီးပါက လာမည့်မိုးတွင်းကာလ မြို့တွင်းရေစီးရေလာကောင်းမွန်စေပြီး လူနေအိမ်များအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးလာကာ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများလည်း လျော့နည်းသက်သာလာနိုင်တော့မှာဖြစ်ကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ခံထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)