ဒေးဒရဲမြို့နယ်၌ မိုးစပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး စိုက်ပျိုးရေးနည်းလမ်းများ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဒေးဒရဲ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာများရှိ မိုးစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ပိုမိုတိုးတက်စေရေးရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁)နာရီက တော်ကမယ်ကျေးရွာအုပ်စုရှိ တောင်သူ များနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနည်းလမ်းများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်းက မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးလျက်ရှိသော လယ်မြေများတွင် တစ်ဧက စပါး(၁၀)တင်းနှုန်း ပိုမိုတိုးတက်စေရေးအတွက် စိုက်ပျိုးရေး နည်းလမ်းများကို ပြည်သူများအား အသိပညာပေး ဖြန့်ဝေပေးခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် ဖြန့်ဝေပေးသည့် အချက် များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စပါးအထွက်နှုန်းပိုမိုတိုးတက်ပြီး လူမှုစီးပွားဖွံ့​ဖြိုးလာမည်ဖြစ်ကြောင်း ဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက စပါးမျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ခြင်း၊ ဓာတ်မြေသြဇာကို အချိန်ကိုက် အချိုးကျသုံးစွဲနည်း၊ စပါးရိတ်သိမ်းချိန် အလေအလွင့် နည်းပါး၍ ဆုံးရှုံးမှုမရှိစေရန် ဆောင်ရွက်ရမည့်နည်း များနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကိုအသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း