အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင်  မေ  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ပူပြင်းသောနွေရာသီတွင် အရိပ်ရ၍ အေးမြသောနေရာများတွင်သာ နေထိုင်ကြရန်၊ နေ့လယ် ပိုင်းအချိန်များတွင်အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းသွားလာကြရန်နှင့် ရေများများသောက်ပေးရန်၊ နေပူထဲမှ ပြန်လာပြီးချက်ချင်းရေချိုးခြင်း၊ ပူပြင်းသော  နေရောင်အောက်တွင်  အလုပ်လုပ်ခြင်းများကို ရှောင်ကြဉ်ကြရန် စသည့်ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ရှောင်ကြဉ်ရမည့်အချက်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို လူငယ်လူရွယ်ကလေးငယ် များအား ဟောပြောခဲ့သည်။

ဆက်လက်၍  ကမ္ဘာကြီးပူနွေးလာခြင်းနှင့်  ရာသီဥတုပြောင်းလဲခြင်း၊  အပူဒဏ်အန္တရာယ်  ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကျန်းမာ ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် စာအုပ်စာစောင်များအား ခင်းကျင်းပြသရာ လူငယ်/လူရွယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)