မင်းလှမြို့နယ်တွင် မိုးနေကြာလျာထားချက် ပြည့်မီစွာစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ မိုးနေကြာလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးရန်လျာထားချက်ပြည့်မီရေး၊‌ နေကြာသီးညှပ်စိုက်ပျိုးနိုင်‌ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှုးများနှင့် စာ‌ရေးဝန်ထမ်းများအား နယ်မြေအလိုက်တာဝန် ခွဲဝေပေးထားပြီးဖြစ်၍ ကွင်းဆင်းဆောင်ရွက်ရန်၊ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ မေလ(၂၃)ရက်နေ့မှ(၃၁)ရက်နေ့ အထိကျောင်းအပ်နှံရေးနေ့ဖြစ်သည့်အတွက် ကျောင်းအပ်နှံရမည့်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်‌ရေး ကျောင်းအကျိုးတော်ဆောင်ကော်မတီများ၊ ရပ်မိရပ်ဖများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်၊ ကျောင်းပတ်ဝန်းကျင်တွင် အရိပ်ရသစ်ပင်များစိုက်ပျိုးနိုင်‌ရေး ဆောင်ရွက်ရန်၊ ‌အခြေခံပညာကျောင်းများ မကြာမီစတင်ဖွင့်လှစ်မည်ဖြစ်၍ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်များကို သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများဖြစ်ပွားနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ကာကွယ်ဆေးထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီး(၆)လပြည့်ပြီးသူတိုင်း ထပ်‌ဆောင်းကာကွယ်ဆေးထိုးနှံကြရန် ၊စိုက်ပျိုး စရိတ်ချေးငွေများပေးဆပ်ရန် ကျန်ရှိနေသူများပေးဆပ်နိုင်‌ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ရုံးဌာနများသန့်ရှင်းသာယာလှပစေရေး အပတ်စဉ်သောကြာနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ‌ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ဆီထွက်သီးနှံမိုးနေကြာ စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေး၊ နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မင်းလှမြို့နယ်အတွင်း၌ မမိုးနေကြာစိုက်ပျိုးနိုင်ရေးအတွက် ဆင်ရွှေကြာ(၂)မျိုးစေ့(3kg)အားတစ်ဧကစာတစ်ထုပ်နှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၉)အုပ်စုအတွက် စုစုပေါင်း(၆၉)ထုပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)