ကသာခရိုင် ထီးချိုင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရပ်ကွက်/ကျေးရွာ စာရေး ဝန်ထမ်း( ၃၃ ) ဦးအား ထောက်ပံ့ငွေများပေးအပ်

ထီးချိုင့် အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊  ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တွင် တာဝန်ထမ်းဆောင်လျက်ရှိသောရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး(စာရေးဝန်ထမ်းများ)အား  ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်း တာဝန်များ၊ ကိုဗစ်-၁၉ရောဂါကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင် ကြိုးပမ်းဆောင်ရွက် နေမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော် မှထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ  ထောက်ပံ့ငွေများပေးအပ်ရာတွင်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးစိုးလွင်က ၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာ ( ၈ ) ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ကျရာ ရပ်ကွက် / ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များ၊ ကိုဗစ် -၁၉ ရောဂါကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင်  ကြိုးပမ်းဆောင်ရွက်နေမှုများကို  ရုံးဖွင့် ရက်တွင်သာမက ( စနေ၊ တနင်္ဂနွေ )  ရုံးပိတ်ရက် များတွင်လည်း  ပူးပေါင်းဆောင် ရွက်လျက် ရှိမှုကို  အသိအမှတ်ပြုသင့်သည့်အနေဖြင့်   နိုင်ငံတော်မှထောက်ပံ့ပေး အပ်ရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ( စာရေး ဝန်ထမ်း ) (၃၃)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀) စီအား ထောက်ပံ့ပေး အပ်ခဲ့ရာ စာရေးဝန်ထမ်းများက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရပါသည်။

ရဲလင်းထွန်း ( ထီးချိုင့် )