ဘားအံ မေ ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဘားအံမြို့ရှောင်လမ်းအတွင်း လမ်းတိုးချဲ့ တည်ဆောက်ခြင်းများဆောင်ရွက်ရာတွင် မလွတ်ကင်း၍ အဆောက်အဦနှင့်ခြံစည်းရိုးများ ဖယ်ရှား ပေးခဲ့ရသော ထိခိုက်နစ် နာသူ ၃၁ ဦးအတွက် ငွေကျပ် သိန်းတစ်ထောင့်ခုနှစ်ကျော် ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဘားအံမြို့ရှောင်လမ်းသည် မိုင်အားဖြင့် ၄ မိုင်ခန့်ရှည်လျားပြီး သံလွင်တံတားလမ်းဆုံအဝိုင်းမှ ရဲသာရွာ၊ ကမော့ကစင်ကျေးရွာတို့မှတစ်ဆင့် ကရင်ပြည်နယ်၏အထင်ကရ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားနေရာကိုဖြတ်ကာ လှာကဒေါင်ကျေးရွာအထိ ဖောက် လုပ်ထားသော လမ်းတစ်လမ်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြို့ရှောင်လမ်းဖြစ်သည်နှင့်အညီ ယာဉ်ကြီးယာဉ်ငယ်များအန္တရာယ်ကင်းစွာသွားလာနိုင်ရေး၊ အနည်းဆုံးလမ်းအကျယ် ၂၄ ပေ နှင့် လမ်းပခုံးများတွင် ယာဉ်တစ်စီးရပ်နားနိုင်ရန် အနည်းဆုံးလိုအပ်သည့်အကျယ်၊ လမ်းနယ်အကျယ်ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ လမ်းချဲ့လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင် ရွက်ပေးခဲ့သော အဆောက်အဦနှင့်ခြံစည်းရိုးပိုင်ရှင်မိဘပြည်သူများအား စာနာထောက်ထားသောအားဖြင့် ယခုကဲ့သို့ ထောက်ပံ့ငွေများပေးအပ်ရခြင်းဖြစ်ကြောင်း၊ ဒေသတွင်းလမ်းကွန်ရက်များ တိုးတက် ဖွံ့ဖြိုးလာသည်နှင့်အမျှ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာမည်ဖြစ်သကဲ့သို့ ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်လာကာ ယာဉ်ကြောပိတ်ဆို့မှုများ ကင်းဝေးနည်းပါးပြီး ယာဉ်/လမ်းအန္တရာယ်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းစေမည်ဖြစ်ကြောင်း၊ လမ်း၊တံတားများတိုးတက်ဖြစ်ထွန်းကောင်းမွန်လာစေရန် ပူးပေါင်းပါဝင်ရမည့် အရေးကိစ္စများရှိပါ ကလည်း ယခုကဲ့သို့ပင် အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူးနှင့် ဘားအံခရိုင်အုပ်ချုပ် ရေးမှူးတို့က ဘားအံမြို့ရှောင် လမ်းအတွင်း လမ်းတိုးချဲ့တည်ဆောက်ခြင်းများဆောင်ရွက်ရာတွင် မလွတ်ကင်းသော အဆောက်အဦနှင့်ခြံစည်းရိုးများ အတွက် ငွေကျပ် ၁၇၀၂ ဒဿမ ၁၃ သိန်းကို ထောက်ပံ့ပေးအပ်ရာ ထောက်ပံ့ငွေလက်ခံရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရဲသာ၊ ကမော့ကစင်၊ လှာကဒေါင်ကျေးရွာများမှ ထောက်ပံ့ငွေလာရောက် ထုတ်ယူသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြား ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ဇွန်လ ၈ ရက်နေ့မှ ၂၈ ရက်နေ့ထိ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသော ကရင်ပြည်နယ် လက်ရွေးစင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် မွန်ပြည်နယ်လက်ရွေးစင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ကရင် ပြည်နယ်လက်ရွေးစင်အသင်းက မွန်ပြည်နယ်လက်ရွေးစင်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)