ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း GRADE-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဟင်္သာတ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ အထက(၁)ကျောင်း “ဟင်္သာ” ခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဟင်္သာတက္ကသိုလ်နယ်မြေ တိုင်းဒေသကြီးအဆင့် အခြေခံပညာ အထက်တန်း GRADE-9 သင်ရိုးသစ် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သင်တန်းများ ဖွင့်လှစ်ပို့ချမှုအား တက်ရောက် ကြသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ သင်တန်းကာလ ပြီးဆုံးသည်အထိ ကြိုးစားသင်ယူလိုပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်း၊ ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ဟင်္သာတတက္ကသိုလ်နယ်မြေမှ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ ကျုံပျော်ခရိုင်တို့မှ ဆရာ/ဆရာမ သင်တန်းသား/သူ စုစုပေါင်း(၃၅၁၇)ဦးတို့အား သင်တန်းနည်းပြ (၁၅၅)ဦးတို့မှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မေ ၁၇ ရက် နေ့မှ ၂၄ ရက်နေ့အထိ (၈)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းနှင့် မြို့နယ်ပညာရေးမှူးများ၊ ဟင်္သာတတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်အကြီးအကဲများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း(၂၉၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)