မြိတ် မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အခြေခံပညာအလယ်တန်းအဆင့်သင် Grade-9 (သင်ရိုးသစ်) ဆရာ/မများ၏ ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးမြှင့်တင်ရန် ရည်ရွယ်ချက် ဖြင့် တိုင်းဒေသကြီးအဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းကို မေ (၁၇) ရက် နံနက်ပိုင်းက အထက (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို မြိတ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) ဒေါ်ဥမ္မာအောင်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်း မှူး မြိတ်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာစိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။ တိုင်းဒေသကြီးအဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်း တက်ရောက်ကြသည့် မြို့နယ်များမှ ဆရာ/မများသည် သက်ဆိုင်ရာမြို့နယ်များတွင် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဆက်လက်ပို့ချပေးကြရမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
သင်တန်းကို မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်မှ Grade-9 (သင်ရိုးသစ်) ဆရာ/မ (၁၈၄၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း နည်းပြ (၅၂) ဦးမှ မေလ (၁၇) ရက်မှ (၂၄) ရက် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သမိုင်း ဘာသာရပ်များကို အထက (၂) ကျောင်းတွင်လည်းကောင်း၊ သင်္ချာ၊ ပထဝီဝင်၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယဘာသာရပ်များကို အထက (၁) ကျောင်းတွင်လည်းကောင်း ဘာသာရပ် များအလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ခိုင်ထူး