လွိုင်ကော်မြို့၌ ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၄/၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော် မေ ၁၇

ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၄/၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ထုတ်ကုန်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် အရှိန်အဟုန်ဖြင့် တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေအဆိုပြုချက်များအပေါ်စိစစ်၍ တောင်သူများအားဆက်လက်ထုတ်ချေးနိုင်ရေး၊ မိုးစပါးအပါအဝင်မိုးသီးနှံများ၊ ဟင်းသီးဟင်းရွက်များကို သီးထပ်စနစ်ဖြင့် ဒေသအတွင်းပိုလျှံသည်အထိ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ၊ ပန်းတိုင်အထွက် နှုန်းထားရရှိစေရေး ၊ တောင်သူများ၏ အကျိုးစီးပွားနှင့် ပြည်သူများ၏ စားရေရိက္ခာလိုအပ်ချက်များကို ပံ့ပိုးနိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၏ အဓိကလိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေး၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လယ်ယာသုံးပစ္စည်းများအား တောင်သူများကို သက်သာသည့်နှုန်းထားဖြင့်ဖြန့်ဝေနိုင်ရေး၊ တောင်သူများအား ပညာပေးလုပ်ငန်းများကို ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးပြီး လက်တွေ့ဆောင်ရွက်နေမှုများကို လေ့လာဆန်းစစ်၍ သက်ဆိုင်ရာဌာနများကပေါင်းစပ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာအသီးသီးက မိမိကဏ္ဍများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)