လိပ်သို မေ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်” အဖြစ် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်လာစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အနာဂတ်ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်လာ စေရန်နှင့် အသိပညာများ ပြည့်စုံလာစေရန် စသည်ဖြင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးငယ်များအား ပဟေဠိအမျိုးမျိုးဖြင့် ဉာဏ်စမ်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းပြိုင်ပွဲများကို ဆောင်ရွက်ပေးခဲ့ရာ ကလေးငယ်များမှ စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရပြီး ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်သူ ကလေးငယ်များအားလုံးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူးက ပုံဆွဲဗလာစာအုပ်များကို အမှတ်တရ လက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လိပ်သိုမြို့ရုံးအနေဖြင့် မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းအပြင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲများ စသည့်အစီအစဉ်များနှင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)