ပုသိမ် မေ ၁၇
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ZONE အဆင့် အခြေခံ ပည၁အလယ်တန်း (Grade-9 သင်ရိုးသစ်) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ယနေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီး အတွင်း နေထိုင်ကြသည့် လူဦးရေနှင့် စာသင်ကျောင်းပေါင်း နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကျောင်းတက်ရောက်သည့် လူဦးရေ နည်းပါးနေသေးကြောင်း၊ သို့ဖြစ်၍ ဆရာဆရာမကြီးများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ခန်း များအတွင်း ရောက်ရှိအောင် စည်းရုံးကြရေးနှင့် ယခုသင်တန်း ပြီးမြောက်ပါက မိမိတို့တာဝန်ကျရာ ကျေးရွာအသီးသီးမှ သင်တန်းမတက်ရောက်ခဲ့ရသည့် ဆရာ/ဆရာမများကို ပြန်လည်မျှဝေကြရင်း ကျေးရွာများမှ ကလေးငယ်များကို အနည်းဆုံး KG+9 သို့ရောက်အောင် သင်ကြားပို့ချပေးကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပညာရေးမှူး ဒေါ်သန်းသန်းဦးက ဆင့်ပွားသင်တန်း ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများ အား ထောက်ပံ့ငွေကျပ် (သိန်းသုံးဆယ်) ကို ပေးအပ်ရာ ခရိုင်ပညာရေးမှူးမှ လက်ခံရယူခဲ့သည်။ ပုသိမ် zone အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ စုစုပေါင်း (၆၁၀၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္ တတစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက္ကသိုလ်မှပါမောက္ခဆရာကြီး၊ ဆရာမကြီးများနှင့် အကြိုသင်တန်း တက်ရောက်ထားသည့် ဆရာ၊ ဆရာမများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မြင့်ဟန်