ဒေးဒရဲ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများပညာသင် အခွင့်အလမ်းများ မထိခိုက်စေရေးနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် အခြေခံပညာကျောင်းများ အချိန်မီပြုပြင်ပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်း၍ ပျက်စီးခဲ့သည့် ကျောင်းဆောင်များအား အချိန်မီပြန်လည်ပြုပြင်ပြီးစီးရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁) နာရီက ကျုံကနန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ဒေသခံများ ပါဝင်မှုဖြင့် စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက အဆိုပါ ကျောင်းဝန်း စာသင်ဆောင်ရှိ အမိုးလန်ခြင်း၊ အမိုးပျက်စီးခြင်းများကို ပြုပြင်ဆောင်ရွက်ခြင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာရေးအတွက် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်းများကို စုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း