ပဲခူး မေ ၁၇
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သိရီပညာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းမွန်ရေးသည် အရေးကြီးသောအခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံသားတို့၏ အတွေးအခေါ်အယူအဆ၊ သဘောထားများ၊ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများဖြင့် နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသလို ခေတ်မီပညာများကို သင်ယူတတ်မြောက်စေရေး သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့်တင်ရေးဆွဲလျက်ရှိကာ သင်တန်းနှစ်အလိုက် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်အနာဂတ်အတွက် အရည်အချင်းရှိသော တပည့်များ မွေးထုတ်ပေးနိုင်ရေး အရည်အသွေးမြင့်မားသည့် ဆရာ/ဆရာများဖြစ်ရန် လိုအပ်ကြောင်း၊ ပညာတတ်လူစွမ်းအား အရင်းအမြစ်များ ပျိုးထောင်သည့် ဆင့်ပွားသင်တန်းပို့ချသူနှင့် တက်ရောက်သူ ဆရာ/ဆရာမများသည် နိုင်ငံတော်၏ပညာရေးမြှင့်တင်ပေးနိုင်မှုကို ဦးဆောင်ခွင့်ရသည့် အလွန်တန်ဖိုးရှိ မွန်မြတ်သောအခွင့်အလမ်းတစ်ခုဖြစ်ပြီး နိုင်ငံနှင့်လူမျိုးအတွက် အလွန်အကျိုးရှိသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း၊ သင်ရိုးသစ်ဆင့်ပွားသင်တန်းမှတစ်ဆင့် အခြေခံပညာကျောင်းသား/သူများကို အရည်အသွေးပြည့်ဝသော ဗလငါးတန်နှင့်ပြည်စုံသော လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနိုင်ရေး အစွမ်းကုန် ကြိုးစားသင်ယူလေ့လာကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဦးစိုးလွင်က Grade -9(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က Grade-9(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်သည့် အခြေခံပညာဆရာ/ဆရာမများအတွက် ငွေကျပ်သိန်း(၂၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် Grade-9(သင်ရိုးသစ်)အား ကျောင်းဖွင့်ရာသီအမီ အရည်အသွေးပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် အခြေခံပညာအလယ်တန်းပြ ဆရာ/ ဆရာမ စုစုပေါင်း(၅၈၈၅)ဦးအား ပဲခူးမြို့ရှိ ကျောင်း(၇)ကျောင်းတွင် မေလ(၁၇)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)