ကန့်ဘလူ၌ သရက်နှင့် နဂါးမောက်သီးနှံ GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကျင်းပ

ကန့်ဘလူ မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သရက်နှင့် နဂါးမောက်သီးနှံ စိုက်ပျိုးသူတောင်သူများအား GAP အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့မှ သရက်၊ နဂါးမောက် စိုက်ပျိုးသူတောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က GAP အသိအမှတ်ပြု လက်မှတ်ပေး အပ်ပွဲအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးအောင်က GAP လျှောက်ထားသည့် ရည်ရွယ်ချက်များ၊ GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက GAP အသိအမှတ်ပြု လက်မှတ်များကို ပေးအပ်ရာ တောင်သူများ က လက်ခံရယူကြပြီး GAP အသိအမှတ်ပြုလက်မှတ်ရ တောင်သူများကိုယ်စား တောင်သူ ဦးဌေးကိုကိုဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လင်းရောင်ဝင်းကုမ္ပဏီမှ GAP အသိအမှတ်ပြု လက်မှတ်ရ စိန်တလုံးသရက်သီးများကို ခင်းကျင်းပြသထားရာ ကြည့်ရှုခဲ့ကြပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးအောင်က GAP ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက် တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေမည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့်နည်းလမ်း များကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်ကြောင်း၊ ယနေ့ GAP အသိ အမှတ်ပြုလက်မှတ်ပေး အပ်ပွဲတွင် ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့မှ သရက်စိုက်ပျိုးသူ တောင်သူ ၂၀ ဦး၏ ၁၃၄၁ ဒသမ ၀၉ ဧက၊ နဂါးမောက် စိုက်ပျိုးသူ တောင်သူ ၄ ဦး၏ ၇ ဒသမ ၆၃ ဧကတို့အတွက် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မြို့နယ်များမှ ထွက်ရှိသည့် စိန်တလုံးသရက်သီးများအား ဒေသတွင်းအပြင် ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း ရှင်းပြခဲ့သည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)