ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ၊ U-18 ပြေးခုန်ပစ်ပြိုင်ပွဲ နှင့် U-18 အမျိုးသားဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲကျင်းပ

ပဲခူး မေ ၁၇

၂ဝ၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ၊ U-18 ပြေးခုန်ပစ်ပြိုင်ပွဲ နှင့် U-18 အမျိုးသားဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒ ခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တင်းနစ်အသင်း၊ U-18 ပြေးခုန်ပစ် အသင်းနှင့် U-18 အမျိုးသား ဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်သြဝါဒ အမှာစကားပြောကြားရာတွင် နိုင်ငံတော်ရဲ့ ဦးတည်ချက်တစ်ရပ်ဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့ အမျိုးသားရေးဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နဲ့ ကျန်းမာကြံ့ခိုင်၍ စွမ်းရည်တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို နိုင်ငံတော်မှ ကျင်းပပေးလျှက်ရှိကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်ရာမှာ ကိုယ်ကာယကြံ့ခိုင်ပြီး ဗလငါးတန်ဖွံ့ဖြိုးသော ဘက်စုံထူးချွန်သည့် အားကစားလူရည်ချွန်များ ရွေးချယ်ဖော်ထုတ်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး လုပ်ငန်းများမှာ အဓိကကျပါကြောင်း၊ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ အားကစားသမားများအနေဖြင့် အနိုင်/ အရှုံး တစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ပဲ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစသည့် အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်းပြောကြားလိုကြောင်း၊ ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအနေဖြင့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များအပြင် အသင်းလိုက် တံခွန်စိုက် ဆုဖလားရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြပါရန် ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက U-18 ပြေးခုန်ပစ်အသင်း နှင့် U-18 အမျိုးသား ဘောလုံးအသင်းများအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ(၅၈) သိန်းအား ပေးအပ်ခဲ့သည်။ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်ကစားသမားများသည် (၂၂-၅-၂၀၂၃) ရက်နေ့မှ (၂၈-၅-၂၀၂၃) ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် အမျိုးသား/အမျိုးသမီး တင်းနစ်ပြိုင်ပွဲ၊ (၂၉-၅-၂၀၂၃) ရက်နေ့မှ (၂-၆-၂၀၂၃) ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် U-18 အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် (၈-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် U-18 အမျိုးသားဘောလုံး ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)