မြင်းမူ မေ ၁၇
စာဖတ်ရှုသူများ အချင်းချင်းတွေ့ဆုံကာ မိမိဖတ်ရှုလေ့လာထားသည့် စာအုပ်မှရရှိသည့် ဗဟုသုတများအား အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ရန်နှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများကြည့်ရှု လေ့လာနိုင် ရန်အတွက် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို မေလ(၁၇)ရက်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာပေဝါသနာရှင်များ ကိုယ်စား စာပေဝါသနာရှင် ဦးစိုးစံက မိမိတို့စာပေဝါသနာရှင်များ အနေဖြင့် ပြန်/ဆက် ဦးစီးဌာန၏ စာဖတ်ဝိုင်းများတွင် တွေ့ဆုံပြီး စာပေအကြောင်းအရာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးမှု ကြောင့် ရရှိသည့် ဗဟုသုတအတွေးအမြင် အယူအဆများစွာ ရရှိလာခဲ့ကြောင်း၊ ပြန်ဆက်ဦးစီးဌာနအပေါ် ကျေးဇူးတင် ရှိပါကြောင်းနှင့် ယနေ့ စာဖတ်ဝိုင်းတွင် စာရေးဆရာ ဦးတင်လှ (မဟာဝိဇ္ဇာ)၏ မြန်မာမှုစာအုပ်ပါ ရပ်မှုရွာမှု ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယခုလအတွင်းပေးပို့ရောက်ရှိလာသည့် သုတ/ရသစာအုပ်များအား စာပေ ဝါသနာရှင်များ လေ့လာဖတ်ရှုနိုင်ရန် စာအုပ်ပြပွဲကိုလည်း ဆက်လက်ကျင်းပခဲ့သည်။
မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ ပိုမိုရရှိရန် ရည်ရွယ်လျက် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများနှင့် ပညာပေးဆွေးနွေး တင်ဆက်ပေးလျက်ရှိသည့် (Talk Show) အစီအစဉ်များအား အပတ်စဉ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် အပြင်အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း အခါအားလျော်စွာ ဝေငှပေး လျက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)