မုန်တိုင်းဘေးကင်းစင်၍ မိမိတို့၏နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာမည့် လပွတ္တာမြို့နယ် အတွင်းရှိ မုန်တိုင်းရှောင် ပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပို့ဆောင်နှုတ်ဆက်၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ပုသိမ် မေ ၁၇

မုန်တိုင်းဘေးကင်းစင်၍ မိမိတို့၏နေရပ်အသီးသီးသို့ သင်္ဘော၊ စက်လှေများဖြင့် ပြန်လည်ထွက်ခွာမည့် လပွတ္တာမြို့နယ် အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား နယ်‌မြေခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေး လျက်ရှိပြီး ထို့သို့ပြန်လည်ထွက်ခွာမည့် မုန်တိုင်းရှောင်ပြည်သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယမန်နေ့ နံနက်ပိုင်းတွင်  လပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း ဦးဟိုက်ပင့်ဆိပ်ကမ်းသို့ သွားရောက်၍ နံနက်စာ စားသောက်ဖွယ်ရာ ထောက်ပံ့ပေးအပ်ခဲ့ပြီး နေရပ် ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက် အောင်တော်မူ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး တာဝတိံသာအရုဏ်ခံ တန်ဆောင်းတော်ကြီးအတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊‌ ရွေးနဒီခန်းမ၌ ပြုလုပ်သည့် လပွတ္တာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ များ ထောက်ပံ့ပေးအပ်မှု အခမ်းအနားသို့ တက်ရောက်၍ “လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ လုံခြုံအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ရောက်ရှိရေး အတွက် အားပေးတွေ့ဆုံခဲ့ပြီး လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် လာရောက်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ လေပြင်းတိုက်ခတ်မှုများကြောင့် မိမိတို့ တိုင်းဒေသကြီး အတွင်း၌လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေး တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင် ကျောင်း ပျက်စီးမှုများအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးမည်ဖြစ်ပါကြောင်း" အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ငွေများ၊ စားသောက်ဖွယ်ရာများအား ဘေးသင့်ကျေးရွာအုပ်စုများထံ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် လပွတ္တာမြို့နယ် ခြင်းလုံးအားကစားရုံနှင့် မြို့နယ်သုံးသူရေးရာ ဦးစီးဌာနရုံးသို့ သွားရောက် ၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများ အမြန်ဆုံး ပြုလုပ်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့​နောက် တိုင်း​ဒေသကြီး ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ လပွတ္တာခရိုင် မီးသတ်စခန်းသို့ ​သွားရောက်၍  လေပြင်းတိုက်ခတ်မှုကြောင့် ဝန်ထမ်းအိမ်ရာ အမိုးလန် ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အထက်အဆင့်ဆင့်သို့ တင်ပြ၍ အမြန် ပြုပြင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ပျက်စီးမှုများမှ ဆယ်ယူရရှိသည့် ထုပ်၊ ရောက်၊ ဒိုင်း၊ မြှားနှင့် သွပ်များအား ကြည့်ရှု၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား အားပေးစကားများ ပြောကြားခဲ့ပြီး သွပ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စု၌ ပြုလုပ် သည့်  သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ကာ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် လျာထားစီမံချက်အတိုင်း အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများနှင့် အတူ ပိုက်ဆံလျှော် မျိုးစေ့များကြဲပက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မောင်းဒီး ကျေးရွာအုပ်စု၊ ဂေါင်းတိုကျေးရွာရှိ အခြေခံပညာမူလန်းကျောင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဖွင့်ချိန်မတိုင်မီ အမြန်ဆုံး ပြန်လည်ပြုပြင် ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ ဗလာစာအုပ်၊ သွပ်၊ စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၊ စိုက်ပျိုးရေးဦးစီး ဌာန  နည်းပညာပြန့်ပွားရေးစင်တာ၌ မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်ထွက်ရှိရေးအတွက် တောက်သူများအား အထွက်ကောင်းမျိုးသန့်စပါးနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး“ မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် တောင်သူများအား အထွက်ကောင်း မျိုးသန့်စပါးနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဒေသကြီးသည် လယ်ယာစိုက်ပျိုးသော တိုင်းဒေသကြီး ဖြစ်ပြီး ဒေသအတွင်း ဖူလုံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိ‌ရန် လိုအပ်နေပါသေးကြောင်း၊ သို့ဖြစ်ရာ တစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လာမည့်မိုးစပါးစိုက်ရာသီတွင် အထွက်နှုန်းတိုးစေရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ပြီး ရလဒ်များအပေါ် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက (၁)သိန်းအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီး တိုးတက်စိုက်ပျိုးနိုင်စေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တစ်ဧက အထွက်တိုးစေရေးစီမံချက်များအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေး စံပြတိုင်း ဒေသကြီးဖြစ်စေရေး ဝိုင်းဝန်းကြိုးစားပေးကြရန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၊ စိုက်ပျိုးရေးသုတေသနဗဟိုဌာန (မြောင်းမြ) တာဝန်ခံနှင့် တောင်သူများမှ မြောင်းမြခရိုင်အတွင်း မိုးစပါး  တစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် နေမှုများအား ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တောင်သူ များအား ဆင်းသုခ၊ သီးထပ်ရင်၊ ရက် ၉၀၊ ဧရာမင်း၊ ပေါ်ဆန်းယဉ်မျိုးစပါးများနှင့် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ ပေးအပ်ခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)