မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းမိုးဖြင့် နတ်မောက်မြို့နယ်ရှိ တောင်သူများ စတင်ထွန်ယက်စိုက်ပျိုးနေကြပြီ

နတ်မောက် မေ ၁၇

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အလွန်အားကောင်းသော မုန်တိုင်းငယ်အဖြစ်မှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီ မေလ  ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နတ်မောက်မြို့နယ်အတွင်း မုန်တိုင်းအရှိန်အကြောင့် မိုးစတင်ရွာသွန်းခဲ့သည်။ မေလ ၁၃ ရက်နေ့နှင့် မေလ ၁၄ ရက်နေ့များတွင် ရွာသွန်းခဲ့သော မုန်တိုင်းကြောင့် နတ်မောက်မြို့နယ် ကျေးရွာများရှိ တောင်သူများသည် ယခုအခါထွန်ရေးထယ်ရေးများ ထွန်ယက်ပြုပြင်ခြင်း၊ မိုးသီးနှံစတင် စိုက်ပျိုးခြင်းများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

“၂၀၂၂-ခုနှစ် မိုးရာသီမှာ မေလ (၄)ရက်မှ (၇)ရက်အတွင်း နတ်မောက်မြို့နယ်မှာ မိုးရွာခဲ့တယ်၊ မိုးရွာပုံက နေရာကွက်ကြားရွာခဲ့တာ ဖြစ်ပါတယ်၊ အခု ၂၀၂၃-ခုနှစ် မှာ မိုခါ(MOCHA) မုန်တိုင်းအရှိန်နဲ့ ရွာတာက မြို့နယ်တစ်မြို့နယ်လုံး ကွက်လပ်မကျန်အောင်ရွာတဲ့ သဘောရှိပါတယ်၊  (၂)ရက်လောက် ရွာသွန်းခဲ့တဲ့ မိုးကြောင့်တောင်သူတွေအနေနဲ့ ထွန်ယက်စိုက်ပျိုးချိန်တစ်ပတ်ဆယ်ရက်လောက်အထိ စိုက်ပျိုးနိုင်မှာဖြစ်လို့ မိုးစိုက်သီးနှံအားလုံး ထွန်တုံးပိတ်စိုက်ပျိုးနိုင်မယ်ထင်ပါတယ်” ဟု လင်းဒလူးကျေးရွာမှ ကိုကြည်ရွှင်က ပြောသည်။

မေလ(၁၅)ရက်နေ့မှစ၍ တောင်သူများသည် ၂၀၂၃-ခုနှစ် မိုးစိုက်သီးနှံများဖြစ်သော နှမ်း၊ ပဲတီးစိမ်း၊ ပင်ပြန့်မြေပဲ၊ ပင်ထောင်မြေပဲ၊ ပဲစင်းငုံသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိပြီး အဆိုပါသီးနှံများစိုက်ပျိုးပြီးပါက ဝါသီးနှံများစိုက်ပျိုးကြမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရသည်။

မူမူစန်း