မြို့သစ်မြို့နယ်အတွင်းရှိ လေဘေးသင့်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် အိမ်ထောင်စုများ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ငွေများပေးအပ်

မြို့သစ် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မေ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာ(၁၀)ရွာတို့မှ  ပြိုကျ/  အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းနှင့် လေဘေးသင့်အိမ်ထောင်စုများအတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက  ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များမှ လေဘေးသင့် ပြိုကျ /အမိုးလန်ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလျှင် ဆန်အိတ်(၁)လုံး၊ ဆီ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၅၀) ကျပ်သားစီနှင့် လေဘေးသင့်အိမ်ထောင်စု(၁၀)စုအတွက် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၂၅)ကျပ်သားစီ ထောက်ပံ့ပေးအပ်ပြီး  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း၊ အမိုးလန်အိမ်ခြေ(၁၀)လုံး၊ လူဦးရေ(၄၆)ဦးတို့အတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်  (၉၆၆၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀၅၀၀၀/-)တိတိအား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)