မြောင်းမြ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နေ့လယ် ၁:၃၀ အချိန်က မြောင်းမြမြို့နယ် ကျုံဝါးကျေးရွာ၊ စိုက်ပျိုးပညာပေးစခန်းတွင် ကျင်းပသည့် မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိရေးအတွက် တောင်သူများအား အထွက်ကောင်း မျိုးသန့်မျိုးစပါးနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက် ကြိုးစားစိုက်ပျိုး ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား အထွက်ကောင်းမျိုးသန့် မျိုးစပါးများဖြစ်သည့် ရက်၉၀ မျိုးစပါး၊ ပေါ်ဆန်းရင်မျိုးစပါး၊ ဧရာမင်းမျိုးစပါး၊ သီးထပ်ရင်မျိုးစပါး၊ ဆင်းသုခမျိုးစပါးများနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) မျိုးစေ့များကို ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)