တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  အခြေခံပညာအလယ်တန်းအဆင့် Grade 9 သင်ရိုးသစ်တိုင်းဒေသကြီး အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်  မေ  ၁၇

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade 9 (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ကလေးများ၊ လူငယ်များ ပညာသင်ယူနိုင်မည့် အခွင့်အလမ်း မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည် အသွေးမြင့်မားရေးတို့ကို ဦးတည်ပြီး အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ရည်မှန်း ချက်ပန်းတိုင်တွင်အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း စတင်သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ KG+12 သင်ရိုးသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ရာ ယခုပညာသင်နှစ် ၂၀၂၃-၂၀၂၄ တွင် အတန်းနှစ်တန်း ဖြစ်သော Grade -9 နှင့်Grade-12သင်ကြားပို့ချပြီးသည်နှင့် အတန်းစဉ်အားလုံးသစ်ရိုးသစ်ဖြင့် ပြည့်ဝစွာ အကောင်အထည်ဖော်ပြီးမြောက်ပြီဖြစ်ကြောင်း၊ Grade-9 . အောင်မြင်ပြီးပါကအခြေခံပညာ အထက် တန်းအဆင့် ဆက်လက် သင်ယူခွင့်ရမှာဖြစ်သလို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှာ အသက်မွေးဝမ်းကျောင်းပညာရပ်များ ရွေးချယ်သင်ယူနိုင်သော အခွင့်အရေးများရရှိမှာဖြစ်ကြောင်း၊ ထိုနည်းတူ Grade-12 အောင်မြင်ပြီးပါက အခြေခံပညာအထက်တန်းဆင့်မှ အဆင့်မြင့် ပညာကို ကူးပြောင်းသင်ယူနိုင်သည့် အတွက်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးတွင် အရေးပါသော အခန်းကဏ္ဍများ ဖြစ်ကြကြောင်း၊ အခြေခံပညာကျောင်းများ၌သင်ကြားပေးနေသော သင်ရိုးသစ်များသည် ကျောင်းသား၊ ကျောင်သူများအတွက် (၂၁)ရာစု ကျွမ်းကျင်မှုများဖြင့်ကိုယ်ရည် ကိုယ်သွေးကျွမ်းကျင်မှုများ ရရှိအောင်လေ့ကျင့်သင်ကြား ပေးနိုင်သောနိုင်ငံတကာအဆင့်မီ စေရန် ရည်ရွယ်ပြီးရေးဆွဲပြုစုထားသည့်သင်ရိုးများဖြစ်ကြောင်း၊  အနာဂတ်နိုင်ငံတော်ကြီး ကိုတည်ဆောက်ကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်း သူများ ဘက်စုံဟန်ချက်ညီစွာ ကြိုးစားအားထုတ်ခြင်းဖြင့် တီထွင်ဖန်တီးလာနိုင်ခြင်း၊ ပြဿနာများ ဖြေရှင်းလာနိုင်ခြင်းနှင့် အသိပညာဗဟုသုတများကို လက်တွေ့ အသုံးချတတ်သော အရည်အသွေးကောင်းမွန်သည့် ကျောင်းသားလူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် တာဝန်ယူ၊ တာဝန်ခံတတ်သူများ၊ ပူးပေါင်း ဆောင်ရွက်တတ်သူများ၊ စာရိတ္တကောင်းမွန်သော လူချွန် လူမွန်များဖြစ်လာစေရန်၊ ရပ်ရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးမှ သက်ဆိုင်ရာပညာရေးမိသားစုများ အားလုံးက တက်ညီလက်ညီဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း၊ ဆရာ/ဆရာများ အနေဖြင့် ကျောင်းသား/သူများအား ဘာသာရပ်ပေါင်းစုံတက်ကျွမ်းအောင်၊ လိမ္မာယဉ်ကျေးအောင်၊  မွန်မြတ်သော စိတ် ထားများရှိအောင်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိအောင်၊ လူတော်လူကောင်းများဖြစ်အောင်၊ မိမိဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးမင်းဦးက သင်တန်းများဖွင့်လှစ်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သင်တန်းသားဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်သည်။

သင်တန်းတွင် အခြေခံပညာ Grade 9 သင်တန်းသားဆရာ/ဆရာမ(၆၁၃)ဦးအားသင်တန်းနည်းပြ(၃၆)ဦး က မေ ၂၄ ရက်နေ့အထိ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)