လှိုင်းဘွဲ မေ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံများ ပန်းတိုင်အထွက်တိုးစေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေအတွက် ရည်ရွယ်၍ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့နှင့် သဘာဝမြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားနှင့် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝမ်းက တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများအား မြေဆီလွှာ တိုးတက်ကောင်းမွန်စေရေးနှင့် ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန်၊ သီးနှံများပန်းတိုင်အထွက်နှုန်းတိုးတက်စေရန်၊ သဘာဝမြေသြဇာသုံးစွဲကြစေလိုကြောင်း၊ မိမိတို့၏ခြံမှထွက်ရှိသော သစ်ရွက် အမှိုက်နှင့် ပြာများ၊ နွားချေး၊ ဆိတ်ချေးများကိုလယ်မြေထဲ၌ ထည့်သွင်း၍ သဘာဝ မြေသြဇာအဖြင့် အသုံးပြုနိုင်ပါကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က သီးနှံစိုက်စွမ်းအားမြှင့်တင်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်၍ ကြိုးစားစိုက်ပျိုးကြစေလိုကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်လျှင် မိသားစုဝင်ငွေတိုးပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတို့၌ ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ (၇) တင်းနှင့် သဘာဝ မြေသြဇာအိတ် (၅၀) တို့ကို ပေးအပ်ခဲ့ရာ ဒိုင်းပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ တောင်သူဦးတာပို၏ လယ်မြေ (၃) ဧကပေါ်၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်သူများက သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။
လင်းသန့်