လေးမျက်နှာမြို့နယ် လဟာကြီးကျေးရွာအုပ်စု ကညင်ပင်လှကျေးရွာတွင် VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး

လေးမျက်နှာ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လဟာကြီးကျေးရွာအုပ်စု ကညင်ပင်လှကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ စတုတ္ထအကြိမ်မြောက် VRFP စီမံကိန်းရန်ပုံငွေထုတ်ချေးပေးခဲ့သည်

ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဝန်ထမ်းများမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဝင်အသင်းသားအသင်းသူများ၊ ကျေးရွာကော်မတီဝင် များနှင့်တွေ့ဆုံကာ ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျှော့နည်းလာမှုနှင့် တွေ့ကြုံနေရသော အခက်အခဲများကို ကုစားပေးနိုင်ရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေများကို နေ့ချင်းပြီးထုတ်ချေးပေးခြင်း ဖြစ်ကြောင်းနှင့် စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအဖွဲ့ဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် စာရင်းဇယားများစနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ကညင်ပင်လှကျေးရွာနေ စိုက်ပျိူးရေး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၈၆) ဦးအား VRFP စီမံကိန်းရန်ပုံငွေကျပ်(၃၅၂)သိန်းအား နေ့ချင်းပြီးထုတ်ချေး ပေးခဲ့သည်။

အဆိုပါ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးကျော်သူဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

ကျော်ဟိန်း (ပြန်/ဆက်)