ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်း လာရောက်ဖွင့်လှစ်ပေး

လှိုင်းဘွဲ မေ ၁၇

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။

အဆိုပါသင်တန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက အမျိုးသမီးနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာသိကောင်းစရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှု အမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ အများဆုံးဖြစ်ပွား တတ်သည့် အကြမ်းဖက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်များ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုများ၊ ဆက်သွယ်တိုင်ကြား နိုင်သည့် ဖုန်းနံပါတ်များ စသည်တို့ကို ဆွေးနွေးရှင်းပြခဲ့သည်။

ထို့နောက်  ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၊  ဒုတိယညွှန်ကြားရေးမှူး  ဒေါ်အေးအေးမူက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT) ကိစ္စရပ်များကို ဆွေးနွေးပို့ချပေးခဲ့ပြီးနောက် ဦးစီးအရာရှိ  ဦးငြိမ်းချမ်းအေးက   အထက်(၈၅)နှစ်နှင့်အထက်  အဘိုး၊အဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ   လူမှုရေး ပင်စင်ထောက်ပံ့ခြင်းကိစ္စရပ်များအတွက်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အဘိုး၊အဘွားများ၏နိုင်ငံသားစိစစ်ရေးကတ် ပြား(သို့မဟုတ်) အိမ်ထောင်စုစာရင်းပုံစံ(၆၆) တို့ကို အထောက်အထားပြထားပြီး ဘိုး၊ဘွားများ၏ အမည်၊အသက်တို့ကို စာရင်းပေးထားကြရမည့် အကြောင်းအရာများကို ဆွေးနွေးပို့ချပေးခဲ့သည်။

ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေး စုစုပေါင်း သင်တန်းသား(၁၂၀) ဦး တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)