အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့်ပတ်သက်၍ ရရှိမည့်သင်ယူမှုအခွင့်အလမ်းများအား အသိပညာပေး ဆွေးနွေးပွဲကျင်းပ

အုတ်ဖို မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင် ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့်ပတ်သက်၍ ရရှိမည့် သင်ယူမှုအခွင့်အလမ်းများအား အသိပညာပေးဆွေးနွေးပွဲကို အ.ထ.က ဂုံညင်းတန်း၌ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်က အဖွင့်အမှာစကားပြောကြားကာ လက်ပတန်းမြို့နယ် စက်မှုလက်မှုသိပ္ပံကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာမြင့်က စက်မှုဘာသာရပ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးသည်။ ထို့နောက် သာယာဝတီခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါက်တာဝင်းကျော်သူက မွေးမြူရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မေမီခိုင်သင်းက စိုက်ပျိုးရေးဆိုင်ရာ သင်ယူမှုအခွင့်အလမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အလားတူ ဆွေးနွေးပွဲများကို အ.ထ.က အေးမြသာယာ၊ အ.ထ.က အုတ်ဖိုနှင့် အ.ထ.က အိုးသည်ကုန်းတို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ