ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး

ဒေးဒရဲ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သွားရောက်ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှဝန်ထမ်းများက ပြည်သူများနှင့် ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ သုတစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း စာအုပများနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာသယ်ဆောင်၍ မိုဘိုင်းစနစ်ဖြင့်စာအုပ်များငှားရမ်းခဲ့ရာ စာကြည့်တိုက်အသင်းဝင် (၇) ဦး၊ သုတ (၅) အုပ်၊ ရသ (၆) အုပ်တို့ကို ငှားရမ်းပေးနိုင်ခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အစားထိုးငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် လွယ်လင့်တကူစာပေ ဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ်သွားရောက်၍ သုတ၊ ရသစာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

အေဇာလင်း