တောင်ငူ မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ငါးဖယ်အင်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာအုပ်စုနှင့် ရွှေလေးအင်းကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား ဘုရားသုံးဆူဘုန်းတော်ကြီးကျောင်း (မဟာစည်သာသနာ့ရိပ်သာဓမ္မရုံ)နှင့် သျှားယားကုန်းမူလွန်ကျောင်း၌ ယနေ့မွန်းလွဲပိုင်းက တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ လူဦးရေဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် အိမ်ဆောင်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်က လူဦးရေဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေများပေးရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားကာ လေဘေးသင့်အိမ်ခြေ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း (၁၃)လုံး၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း (၂၆)လုံးနှင့် တိုက်ခံအိမ် (၄၀)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ခြင်း၊ သွပ်မိုးထရံကာ ပျဥ်ခင်း (၁)လုံးနှင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း (၂)လုံး ပြိုကျခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၃၄၀၀၀၀၀/-)၊ လေဘေးသင့်လူဦးရေပေါင်း (၃၁၁)ဦးအတွက် လူဦးရေဆန်ရိက္ခာဖိုးကျပ် (၆၅၃၁၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၀၅၃၁၀၀/-)နှင့် (၃)အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး တို့ကိုထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ ဆက်)