ပွင့်ဖြူ မေ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်မီးအသုံးပြုရာ၌ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ မျိုးမင်းနိုင်၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းများတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အရှိန်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး လျော့ကျနေသော ဓာတ်အားလိုင်းကြိုးများ ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ယိုင်နဲ့နေသော ဓာတ်အားလိုင်းတိုင်များအား တည့်မတ်ခြင်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)