မိုးညိုမြို့နယ်တွင် ငှက်ပျောပင်မှထုတ်လုပ်မည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းဆင်းပွဲပြုလုပ်

မိုးညို မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးသည့် အသက် မွေးဝမ်းကျောင်းအထောက်အကူပြု ငှက်ပျောပင်မှထုတ်လုပ်မည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက တက်ဆွဲကျေးရွာအုပ်စု၊ ကျီးပင်စုကျေးရွာရှိ စာသင်ကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းခိုင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်တို့ကိုရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းကပို့ချ‌ပေးလိုက်သည့် အတတ်ပညာများဖြင့် မိသားစုဝင်ငွေရရှိအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကိုပြီးဆုံးအောင် တက်‌ရောက်၍ ကြိုးကြိုးစားစားသင်ယူကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာဦးမြင့်သိန်းက သင်တန်းကပို့ချပေးသည့်အတတ်ပညာများဖြင့် မိမိတို့မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်းနှင့် နုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာသောဌာနဆိုင်ရာများက သင်တန်းတက်ရောက်သူများအား သင်တန်းဆင်းလက် မှတ်များပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှ သင်တန်းနည်းပြဆရာများက ၁၀ ရက်ကြာသင်ကြား‌ပေးခဲ့ပြီး သင်တန်းသား(၂၅)ဦးအား ဦးထုပ်၊ ဖိနပ်၊ ဖျာ၊ လက်ဆွဲအိပ်၊ ဆွဲခြင်း၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်၊ ယပ်တောင်၊ မီးပုံးပြုလုပ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ ဆက်)