ဘားအံ မေ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူ လူငယ်များ ကွန်ပျူတာနည်းပညာကို အလွယ်တကူ လေ့လာသင်ယူနိုင်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃)နှင့် အင်္ဂလိပ်စာ အခြေခံသင်တန်း (၂/၂၀၂၃)ကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီသင်တန်းများ သင်ကြားပို့ချနေမှုနှင့် ပတ်သက်၍ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း တက်ရောက်နေသော အ-ထ-က(ခွဲ-၃)ကျောင်းမှ Grade-11 ကျောင်းသူ မမြပွင့်ဖြူက “သမီးတို့အနေနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ယခုလို ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စာ(Grammar)အခြေခံကို အခမဲ့သင်ကြားခွင့်ရတဲ့အတွက် သမီးတို့လူငယ်တွေအနေနဲ့ အကျိုးကျေးဇူးများစွာ ရရှိပါတယ်၊ သင်ကြားပေးတဲ့ နည်းပြဆရာ/ဆရာမများနှင့် သင်တန်းဖွင့်လှစ် နိုင်အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ ဖွင့်လှစ်သင်ကြားနေသည့် ကွန်ပျူတာအခြေခံသင်တန်းတွင် Computer System ၊ Microsoft Word၊ Microsoft Excel၊ Microsoft Powerpoint ၊ Internet and Email သင်ခန်းစာများကိုလည်းကောင်း၊ အင်္ဂလိပ်စာ (Grammar)သင်တန်းတွင် Writing ၊ Reading ၊ Speaking ၊ Listening Four Skills အခြေခံသင်ခန်းစာများကိုလည်း နည်းပြဆရာ/ဆရာမများက မေလ(၄)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်ခန်းစာဆန်းစစ်ချက် စာမေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)