တောင်ငူ မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၁၄-၅-၂၀၂၃ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပြိုကျခြင်း၊ အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျမှု ဖြစ်ပွားခဲ့ခြင်းကို တောင်ငူခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များသည် ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီအကြို လေကာသစ်ပင်များ စိုက်ပျိုးမည့် ကံရိုးပျိုးဥယျာဥ်ရှိ ပျိုးပင်ပေါက်များအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
တောင်ငူခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီအဖွဲ့သည် တောင်ငူခရိုင်အတွင်း ဒေသအလိုက်ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်မှု၊ အခြေအနေများကို လေ့လာဆန်းစစ်ဖော်ထုတ်ခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနိုင်မှု အခြေအနေများကို လေ့လာဆန်းစစ်ဖော်ထုတ်ပြီး ကြိုတင်ကာကွယ်မှုအစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် လိုက်လျောညီထွေစွာ နေထိုင်ရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးမှု အစီအမံများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်မှုလုပ်ငန်းများ အဖြစ် သဘာဝသစ်တောများ၊ ဒီရေတောများ၊ ပြုစုထိန်းသိမ်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးနေသော သဘာဝတောများ၊ ဒီရေတောများပြန်လည်ပြုစု စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများ၊ စိုက်ခင်းများ၊ ပျိုးဥယျာဥ်များ၊ ပျက်စီးဆုံးရှုံးမှုစာရင်းပြုစု၍ ပြန်လည် ထိန်းသိမ်းပြုစုနိုင်ရေး၊ တည်ထောင်နိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊ နေ့စဥ်သုံးထင်း၊ မီးသွေးသုံးစွဲမှုများကို လျော့ချနိုင်ရေးအတွက် နည်းလမ်းရှာဖွေပြီး သစ်တောပြုန်းတီးမှု ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် သစ်တောသစ်ပင်များ လဲပြိုပျက်စီးမှုရှိပါက အမြန်ဆုံးထုတ်လုပ်ရေးအတွက် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် သစ်တော၊ သယံဇာတဆုံးရှုံးမှုများကို ဒေသခံသစ်တော ဝန်ထမ်းများ၊ သုတေသနအဖွဲ့၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် ဖွဲ့စည်း၍ ကွင်းဆင်း စစ်ဆေးပြုစုပြီး တွေ့ရှိချက်များကို ခရိုင်သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရန်၊ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားရှိရန်၊ သုံးလတစ်ကြိမ် အစီရင်ခံစာကို တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်