ဖြူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ခြင်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဖြူး မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များ ပေါက်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ် နှိမ်နင်းရေးဖြစ်သည့်  အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ခြင်း၊  ခြင်ဆေး ဖြန်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ပေါက်ပွားမှုများပြီး သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါများပါ ဖြစ်ပွားနိုင်၍ အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ခြင်းကြောင့်   ကြိုတင်ကာကွယ်ရေးအတွက် အုတ်ဖြတ်ရပ်ကွက်၊ သိမ်ကုန်းရပ်ကွက်၊ ထန်းကုန်းရပ်များရှိ ရေတွင်းရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ သုံးရေအိုးစသည်များတွင် ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ခြင်ပေါက်ပွားမှုမရှိစေရေး မိုးရေတင်ကျန် နိုင်သည့်ဖော့/ ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများအတွင်းတွင် ရေတာရှည်စွာ မတင်နိုင်စေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)