ဝေါမြို့နယ်၌ ၂၀၂၃ ခုနှစ် နွေစပါး (ရက်-၉၀) စံပြရိတ်သိမ်းပွဲကျင်းပ

ဝေါ မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာရှိ နွေစပါးစံပြစိုက်ခင်းကွင်းတွင် တောင်သူဒေါ်ရီစိန်၏ လယ်မြေကွင်းအမှတ် (၆၈၇-ခ) ဦးပိုင် ၃/၇ ၌ နွေစပါး စံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ နွေစပါး(ရက်-၉၀) စပါး စံပြကွက်ရိတ်သိမ်းပွဲသို့ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးတောင်သူများက စပါးရိတ်ခြွေစက်ဖြင့်ရိတ်ခြွေကာ မျိုးကောင်း၊ မျိုးသန့်စိုက်ခင်းဆောင်ရွက်နေမှုနှင့် နွေစပါး (ရက်-၉၀) စပါးစိုက်ပျိုးအောင်မြင်နေမှု အခြေအနေများ လေ့လာကြည့်ရှုခဲ့ကြသည်။

ထို့နောက် နွေစပါးစံပြအထွက်နှုန်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မိုးလွင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက စံပြကွက်ရိတ်သိမ်းရာ (၁၀) စံကွက် အစို အထွက်တင်း (၁၁.၉၂) တင်း၊ (၁၀) စံကွက် အခြောက်အထွက်တင်း (၉.၁၀) တင်းဖြင့် တစ်ဧကအခြောက်တင် (၉၁.၀၃ ) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)