ချင်းပြည်နယ်သဘာဝဘးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၃) သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး မေ ၁၆

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြား သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ချင်းပြည်နယ် သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၆) ကြိမ်မြောက် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ အဓိက ဆွေးနွေးစေလိုသည့် အကြောင်းအရင်းကတော့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းသည် ချင်းပြည်နယ်ကို ဖြတ်ကျော်ပြီးဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ခဲ့ပြီးဖြစ်သည့် အတွက် ဖွဲ့စည်းထားသည့် ကော်မတီ (၁၂) ခုမှ တာဝန်ရှိသူများအနေဖြင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ အတွေ့အကြုံ များကို ပြန်လည်သုံးသပ်ရမည့်အပြင် သက်ဆိုင်ရာကော်မတီ အသီးသီးမှ Idea အသစ်များရှိက အကြံပြုကြရန်နှင့် မည်သည့်နေရာတွင် အားနည်းသည်ကိုလည်း ဝေဖန်အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က မိမိတို့အနေနဲ့ သဘာဝ ဘေးအတွက် အကောင်းဆုံးပြင်ဆင် ဆောင်ရွက်ကြပါကြောင်း၊ ချင်းပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ကြီးကြီးမားမားထိခိုက်မှုမရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် တာဝန်ရှိသူအားလုံးက မိမိတို့၏ တာဝန်များကို အကောင်းဆုံး ကြိုးကြိုးစားစား၊ စေတနာပါပါနှင့် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည့် အတွက် အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ လုပ်ငန်းလိုအပ်ချက်နှင့် အားနည်းချက်၊ အားသာချက်များကို သုံးသပ်အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အကြံပြုဖြည့်စွက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)