ပေါင်းတည်မြို့နယ်၌ လေဘေးသင့်ထိခိုက်ပျက်စီးမှုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

ပေါင်းတည် မေ ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မေလ ၁၄ ရက် နေ့လယ်ပိုင်းက အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ကျော်ဖြတ်တိုက်ခတ်မှုအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌လည်း လေပြင်းတိုက်ခတ်ခံရ၍ ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ရုံးမှ အကြီးအကဲများနှင့်ဝန်ထမ်းများက လာရောက်ပေးအပ်ခဲ့ကြပြီး လေ​ဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ထိုလေပြင်းတိုက်ခတ်မှုကြောင့် ပေါင်းတည်မြို့နယ်အနေဖြင့် နေအိမ် ၁၇ လုံးမှာအမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် ၁ လုံးမှာမြေတိုင်ကြွေကာ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ အမိုးလန်ပြိုလဲ နေအိမ်များမှ ပြည်သူ ၄၇ ဦးသည် ယခုအခါ နေအိမ်များသို့ ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်းနှင့်လူနှင့်ကျွဲနွား တိရစ္ဆာန်များထိခိုက်မှု မရှိခဲ့ကြောင်း၊ အခမ်းအနား၌ ပျက်စီးဆုံးရှုံးမှုများအတွက် လေဘေးသင့်ပြည်သူများသို့ စုစုပေါင်းတန်ဖိုး ၂,၉၂၇,၀၀၀ ကျပ်နှင့် ထောက်ပံ့ပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက် )