အထက်မင်းလှ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် အတွက် အ.မ.က(တောင်ရပ်ကွက်)နှင့် ဦးကင်းဘုရားဓမ္မာရုံတို့တွင် ယာယီခိုလှုံနေသည့် ပြည်သူများသည် ယမန်နေ့ နေ့လယ် ၂ နာရီက မိမိတို့၏ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ကြောင်း သိရသည်။
မင်းလှမြို့တွင် သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ဧရာဝတီမြစ်ဘေးရှိ ရပ်ကွက်များမှ ပြည်သူများ မုန်တိုင်းအန္တရာယ်မှ ကြိုတင်ရှောင်ရှား ယာယီပြောင်းရွှေ့ခိုလှုံနိုင်ရန်အတွက် မုန်တိုင်းရှောင်စခန်းများတွင် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၅၆)စု လူဦးရေ (၁၈၉)ဦးရှိပြီး ယခုအခါတွင် သဘာဝဘေးအန္တရာယ်ကင်းရှင်းသည့်အတွက် နေအိမ်အသီးသီးသို့ ပြန်လည် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အိမ်ထောင်စုများ နေအိမ်အသီးသီးသို့ ပြောင်းရွှေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နေအိမ်များသို့ ပြောင်းရွှေ့ရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)