ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ကွန်ကရစ်လမ်း ရေကျော်ချောင်းပေါင်း ရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးမှု သွားလာရေးအဆင်ပြေစေရန် ပြန်လည်ပြုပြင်ထိန်းသိမ်း

ပွင့်ဖြူ  မေ ၁၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မေ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသွား သုံးမိုင်ခွဲ ကွန်ကရစ်လမ်းပေါ်ရှိ ကျွဲတံခါးကျေးရွာ အနီး ကျွဲတံခါးရေကျော်ချောင်းပေါင်း ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ ယမန်နေ့က သွားလာရေး အဆင်ပြေချောမွေ့စေရန်  ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

"ကျွန်တို့ ကျွဲတံခါးကျေးရွာအနီးက ကြီးအုံကြီးဝတမံသို့ သွားတဲ့ သုံးမိုင်ခွဲကွန်ကရစ်လမ်းပေါ်က ရေကျော်ချောင်း ပေါင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတိုက်စားပြီး ယိုယွင်းပျက်စီးသွားခဲ့ပါတယ်။ အဲဒီ ယိုယွင်းပျက်စီးသွားတဲ့ ရေကျော်ချောင်းပေါင်းကို မနေ့က ညနေပိုင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီးတော့ သွားလာရေး အဆင်ပြေစေရေးအတွက် ပြန်လည်ပြုပြင် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။ အရေးပေါ် သွားလာရေး အဆင်ပြေဖို့အတွက် ရေတိုက်စားသွားတဲ့ နေရာတွေကို မြေနီကျောက်စရစ်နဲ့ မြေညှိပြီး သွားလာလို့ရအောင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်တာဖြစ်ပါတယ်။ ယခုလို သက်ဆိုင်ရာတာဝန်ရှိသူတွေက ချက်ချင်းလာရောက်ကြည့်ရှုစစ်ဆေးပြီး သွားလာရေးအဆင်ပြေအောင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးခဲ့လို့ ကြီးအုံကြီးဝတမံ သုံးမိုင်ခွဲလမ်းကို အဆင်ပြေစွာသွားလာလို့ ရရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်သွားလာလို့ရအောင် ပြုပြင်ထိန်းသိမ်းပေးတာဖြစ်လို့ ဆက်လက်ပြီးတော့လဲ အများပြည်သူ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ဒီထက်ပိုမိုကောင်းမွန်ခိုင်ခန့်အောင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးစေချင်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာမှ ဒေသခံရပ်မိရပ်ဖ ဦးဖိုးဌေးက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )