မြောင်းမြမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း (ဒုတိယအကြိမ်) ထုတ်ပြန်ကြေညာ

မြောင်းမြ      အောက်တိုဘာ   ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (ဒုတိယအကြိမ်) မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ကြေညာထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင် စာရင်းတွင် သင့်အမည်မပါပါကပုံစံ(၃)၊ မဲစာရင်းတွင် မပါဝင်သင့်သူတစ်ဦးပါဝင် နေပါက ပုံစံ(၄)၊ ကိုယ်ရေးအချက်အလက်များ မှားယွင်းပါက ပုံစံ(၄-ဂ)တို့ဖြင့် လာရောက်ပြင်ဆင် လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပါရှိသူများသာ မဲပေးခွင့်ရှိမည်ဖြစ်သဖြင့် မဲစာရင်းများကို လာရောက် ကြည့်ရှုကြရန်နှင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေး ရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပြီး ဒုတိယ အကြိမ်မဲဆန္ဒရှင် စာရင်းများကိုအောက်တိုဘာလ (၁)ရက်နေ့မှ(၁၄)ရက်နေ့အထိ ကြေညာထားမည်ဖြစ်သည်။

မြောင်းမြ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၁၁၄)ခု၌ မဲရုံပေါင်း (၃၀၀)ရုံ ဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်းနှင့် လတ်တလော စာရင်းများ ကောက်ယူ ရရှိချက်အရ မြို့နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၂၁၂၅၆၄)ဦးရှိကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)