ညောင်လေးပင် မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ညောင်လေးပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်မိုးက စားသုံးသူများ၏အခွင့်အရေး(၈)ချက်အားလည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း စားသုံးသူများ၏အခွင့်အရေးများကို အလေးထားတဲ့ လုပ်ငန်းရှင်များဖြစ်လာစေရန် အသိပညာပေးလျက်ရှိပြီး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ တားမြစ်ချက်တွေကို ချိုးဖောက်မှုရှိပါက online page မှလည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူ ကာကွယ်ပေးရေးဥပဒေများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲ၊ နံရံကပ်ပြပွဲ၊ ဟောပြောပွဲ၊ Talk Show စသည့် ပြည်သူအခြေပြုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ နောက်လများတွင်လည်း အလားတူ ဆွေးနွေးပွဲများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)