တောင်ငူ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်ငူ     အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများနောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြောင်း ပြည်သူများသိရှိစေရန် လော်စပီကာဖြင့်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့  နံနက်ပိုင်းတွင် မြို့ပေါ်စျေးများ၊ မြို့တွင်း လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိသည်။

ထိုသို့ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက လက်ကမ်းစာစောင် တွင်ပါရှိသည့် အကြောင်းအရာများမှ  ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိရာ၌ မိမိ၏အမည်စာရင်းများပါ မပါ၊ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ၊ အချက်အလက်များ မှားယွင်းနေပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဖြည့်စွက်မှုများ ပြုလုပ်နိုင်ကြောင်းနှိုး ဆော်အသိပေးခြင်းနှင့်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဝေသော လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တောင်ငူမြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရန် မဲရုံ (၁၉၃) ရုံ ထားရှိပြီး နောက်ဆုံးအကြိမ် ကပ်ထားကြေညာ ထားသည့် မဲဆန္ဒရှင်စာရင်း အရ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၉၅၃၄၉)ဦးရှိကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)